နှစ်ကိုယ့်တစ်စိတ်

၂၀၁၁ ခုနှစ် ဇွန်လ ၁-ရက်

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါထေရ၀ါဒဓမ္မအသင်းတည်ထောင်ခြင်းနှင့်

သီတဂူသံဃ၀ိဟာရ ကျောင်းလွှတ်ပူဇော်ပွဲ ၌

သီတဂူဆရာတော် မိန့်ကြားတော်မူသော

နှစ်ကိုယ့်တစ်စိတ်

သြ၀ါဒကထာ

 

သီတဂူသံဃ၀ိဟာရရဲ့ တပည့်တဒကာဒကာမ၊ ကျောင်းဒကာကျောင်းအမများအားလုံး နှလုံးစိတ်ဝမ်း အေးချမ်းပါစေ၊ ကိုယ်စိတ်နှစ်ပါးချမ်းသာပါစေ၊ သာသနာအကျိုး မိမိရဲ့ဘ၀သံသရာအကျိုး နှစ်ပါးကို ကြိုးစား၍ ဆောင်ရွက်နိုင်ပါစေလို့ ရှေးဦးစွာ ဆုတောင်းပေးပါတယ်။ ကျောင်းဖြစ်မြောက်ရေးအဖွဲ့နဲ့ ကျောင်းဒကာ ကျောင်းအမအားလုံးကို ဒီကနေ့ညနေခင်းမှာ အထူးလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ဂုဏ်ပြုကြောင်းကိုလည်းပဲ ဘုန်းကြီးတို့ပြောလိုပါတယ်။

          သီတဂူသံဃ၀ိဟာရ ဖြစ်မြောက်ရေးအဖွဲ့မှာ

၁။ ဒေါက်တာဦးကြင်ဟိုး (ဥက္ကဋ္ဌ)

၂။ ဦးစိန်ထွန်း (ဒု-ဥက္ကဋ္ဌ)

၃။ ဦးသန်းနိုင် (အတွင်းရေးမှူး)

၎။ ဦးစိန်မြင့်အောင် (တွဲဘက် အတွင်းရေးမှူး)

၅။ ဒေါက်တာဦးကျော်ဦး (ဘဏ္ဍာရေးမှူး)

၆။ ဦးတယ်ရီ မောင်ဝင်း (စာရင်းစစ်)

၇။ ဦးမောင်ငယ် (စာရင်းကိုင်)

၈။ ဦးထွန်းထွန်း (အမှုဆောင်)

၉။ ဒေါက်တာဦးဝင်းမြင့်အောင် (အမှုဆောင်) ဆိုပြီး ကိုးယောက်ဦးဆောင်တဲ့အဖွဲ့ဟာ တနှစ်အတွင်းမှာ ဒီကျောင်းဖြစ်မြောက်အောင် ဆောင်ရွက်ခဲ့ကြတယ်။

          ဒါကြောင့် ဒီကျောင်းတိုက်ရဲ့ Founder တည်ထောင်သူများဖြစ်ကြတဲ့ ဒီအမှုဆောင်လူကြီး (၉)ယောက် ကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ဂုဏ်ပြုပါတယ်။ ဒီကျောင်းတိုက်ဖြစ်မြောက်ရေးအတွက် ဒီကနေ့ ဒီကျောင်းတိုက်ဖွင့်ပွဲမှာ ပါဝင်တက်ရောက်လာကြတဲ့၊ အထူးသဖြင့် မတည်ရင်းနှီးလှူဒါန်းကြတဲ့အလှူရှင်များ ဒကာကျော်ကျော်တို့မိသားစုနဲ့ အခြားတသောင်းနှစ်သောင်းစသည်လှူဒါန်းကြတဲ့ မတည်အလှူရှင်များကို လည်း အထူးပဲကျေးဇူးတင်ပါတယ်၊ လှိုက်လှိုက်လှဲလှဲဂုဏ်ပြုပါတယ်။

          အမေရိကန်ပြည်ထောင်စုကို လွန်ခဲ့တဲ့အနှစ် (၂၀၀) က ဂျော့ဝါရှင်တန် ခေါင်းဆောင်ပြီးတော့တည် ထောင်ခဲ့တာ၊ ၀ါရှင်တန်ဟာ အမေရိက ရဲ့ Father, Founder ပဲ။ အိန္ဒိယပြည်ကြီး လွတ်လပ်ရေးရအောင် ခေါင်းဆောင်တဲ့နေရာမှာဆိုရင်လည်း မဟတ္တမဂန္ဓီဆိုရင် Father of India လို့ပြောတယ်။ အဲဒါလိုပါဘဲ ဒီကျောင်းကိုတည်ထောင်ကြတဲ့ အမှုဆောင်လူကြီး၊ ခေါင်းဆောင်ကြီး (၉)ယောက်ဟာ ဒီကျောင်းတိုက်ကြီးရဲ့ Founder များအဖြစ်နဲ့ အားလုံး စနစ်တကျ ဘုန်းကြီးတို့ရဲ့ သမိုင်းမှတ်တမ်းမှာ ကောင်းကောင်းကြီးမှတ်တမ်း တင်ထားဘို့နဲ့ ဂုဏ်ပြုဘို့ဆိုတာကို ရှေးဦးစွာတိုက်တွန်းတယ်။

          ပြီးတော့ထူးတာက အမေရိကန်ပြည်ထောင်စုမှာ မြန်မာနိုင်ငံကတည်ထောင်တဲ့ကျောင်းတွေဟာ ကျောင်းပေါင်း (၆၀)ကျော်ရှိသွားပြီ။ ဘုန်းကြီးတို့ အော်စတင်မှာရှိတဲ့ သီတဂူဗုဒ္ဓ၀ိဟာရကလွဲရင်၊ ဒီ သီတဂူ သံဃ၀ိဟာရကျောင်းတိုက်ကလွဲရင် တခြားကျောင်းတိုက်တွေ ကျောင်းတိုက်တွေမှာ ဒီကနေ့လျှောက်ကြားတဲ့ ထူးခြားတဲ့လျှောက်ကြားလွှာမျိုးဟာ ဘယ်မှာမှမကြားဘူးဘူး။

          ဘာလျှောက်ထားလဲဆိုရင် ခုနင့်က ဒု-ဥက္ကဋ္ဌက “ကျောင်းတိုက်၊ ကျောင်းပစ္စည်း နဲ့ စီမံအုပ်ချုပ်မှု အားလုံး၊ အဖွဲ့အစည်းအားလုံးကို သီတဂူဆရာတော်အားအပ်နှင့်ပါတယ်” ဆိုတဲ့ ဒီလွှဲပြောင်းမှုဟာ အမေရိကရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေရဲ့သမိုင်းမှာ ဘယ်မှာမှမရှိပါဘူး။ ဒါကြောင့် ဒီကနေ့ ဖလော်ရီဒါ ထေရ၀ါဒဓမ္မ အသင်းကျောင်းက အမေရိကန်မှာ သာသနာပြုသမိုင်းသစ်တစ်ခုကို ထူလိုက်နိုင်တာမို့လို့ အားလုံးဂုဏ်ယူကြ ဘို့ဖြစ်ပါတယ်။ အဲဒါအတွက်လည်းပဲ လှိုက်လှိုက်လှဲလှဲ အားလုံးကို ဒီသဘောထား ဒီနှလုံးသွေး ဒီခံယူချက် ဒီ Concept တွေအတွက်လည်းပဲ ဘုန်းကြီးက ကျေးဇူးတင်ဂုဏ်ပြုကြောင်းကို နှလုံးသားထဲက အထူးလှိုက်လှိုက် လှဲလှဲပြောပါတယ်။

          “သံဃ၀ိဟာရ”လို့နာမည်ပေးထားကတည်းကိုက သူတို့သဘောပေါက်သွားပုံရတယ်၊ သံဃာသည် သာလျှင် သာသနာပြုလုပ်ငန်းမှာ ဦးဆောင်တယ်။ အားလုံးတပည့်ဒကာဒကာမတွေ ကြားဘူးမှာပေါ့ ဘီဒီ (၃) ရာစုက သီရိဓမ္မာသောကမဟာရာဇာ တတိယသင်္ဂါယနာတင်ပြီးတော့ (၉)ဌာန သာသနာပြုလွှတ်တယ်။ အဲဒီ ကိစ္စမှာကြည့်လိုက် သာသနာပြုတကယ်သွားတာက သံဃာတော်တွေ၊ ဘုရင်ကြီး နန်းတော်ကကို မခွါဘူး။ မဖုယားပေါင်း တစ်သောင်းခြောက်ထောင်နဲ့ နန်းတော်ကမခွါဘူး။ သံဃာတော်တွေချမ်းသာစွာ သာသနာပြုနိုင်အောင် ထောက်ပံ့တဲ့သာသနာနုဂ္ဂဟ၊ ဒီစာလုံးအားလုံးမှတ်မိအောင် မှတ်ထားလိုက် ဘာတဲ့ “သာသနာနုဂ္ဂဟ”၊ သာသနာကိုထောက်ပံ့အားပေးတဲ့ Support အဲဒီအလုပ်ကိုသာ ဘုရင်ကလုပ်တယ်။ တကယ်သာသနာပြုတာက အသောကမင်းမဟုတ်ဘူး။ အသောကမင်းနဲ့ သူ့ဆရာတိဿမထေရ်တို့ရဲ့ စီမံ ချက်နဲ့ သာသနာပြုကြွတဲ့မထေရ် သံဃာတော်အဖွဲ့ (၉) ဖွဲ့သည်သာလျှင် သာသနာပြုကြတာဖြစ်ပါတယ်။ အဲဒါလေးကို ကွဲကွဲပြားပြားနားလည်ပြီးတော့ ဒို့က သာသနာပြုဆိုပေမယ့် တကယ်တော့ ဗုဒ္ဓရဲ့ဓမ္မကို တကယ်သင် ပေးနိုင်တာနဲ့ တကယ်ဖြန့်ချိတာဟာ သံဃာတော်များပဲဖြစ်ပါတယ်လို့ သိထားရမယ်။

          ဗုဒ္ဓရဲ့ဓမ္မကို သင်ပေးဘို့ ဖြန့်ချိဘို့ နေရာ၊ သို့မဟုတ် ပစ္စည်းလေးပါးနဲ့ ထောက်ပံ့ပေးတာကတော့ ဒကာဒကာမတွေပဲဖြစ်ပါတယ်။ အသောကမဟာရာဇာဟာ အဲဒီအတိုင်းလုပ်သွားတာပါ။ အဲဒါကြောင့် သံဃာ တော်များက သာသနာပြုအလုပ်ကို တကယ်လုပ်လိမ့်မယ်။ ဘုန်းကြီးတို့ဒကာဒကာမတွေက သာသနာနုဂ္ဂဟ အလုပ်ကိုလုပ်ကြရမယ်။ သာသနာတော်ကိုထောက်ပံ့အားပေးတဲ့အလုပ်ကို အသောကထုံး နှလုံးမူပြီးတော့ လုပ်ကြရမှာဖြစ်ပါတယ်။ အဲဒီအဓိပ္ပါယ်ကို နားလည်ပြီးသားဖြစ်လို့လို့ ဘုန်းကြီးက ဒီလိုပဲယုံကြည်တယ်၊ စီမံ အုပ်ချုပ်ခွင့်အားလုံးကို သံဃာတော်များအား အပ်နှင်းတယ်ဆိုတာဟာ သာသနာပြုကျောင်းတွေတည်ထောင် တဲ့ အမေရိကသမိုင်းမှာ ဒါ ဒုတိယဖြစ်လိမ့်မယ်။ အော်စတင်ကတော့ ပထမပေါ့။ အော်စတင်ကျောင်းရဲ့ စည်းမျဉ်းထဲမှာကိုက သံဃာတော် (၄) ပါးက ဦးဆောင်ပြီးတော့ အုပ်ချုပ်သွားမယ်ဆိုတာကို ထည့်ပြီးတော့ ဆွဲ ထားပါတယ်။

          အဲဒီတော့ ကျောင်းတိုက်ဖြစ်မြောက်ရေးအဖွဲက ကျောင်းတိုက်ဖြစ်ပြီးလို့ တာဝန်ပြီးဆုံးပြီဆိုလို့ရှိရင် အဲ ဒီကျောင်းတိုက်ကို ပစ္စည်းလေးပါထောက် စောင့်ရှောက်တဲ့ ကပ္ပိယကာရကအဖွဲ့ဆိုတာကို ဆက်လက်ဖွဲ့စည်း သွားရမှာဖြစ်ပါတယ်။ မြန်မာလို ပါဠိလို နားချိုအောင် “ကပ္ပိယကာရက”လို့ပဲ သုံးချင်ပါတယ်။ ကပ္ပိယ= ဆိုတာက သာသနာတော်အား အပ်စပ်တဲ့လုပ်ငန်းများကို၊ ကာရက=ဆိုတာက လုပ်ပေးတာ။ သာသနာတော် အတွက် အပ်စပ်တဲ့လုပ်ငန်းတွေ ၀ိုင်းလုပ်ပေးတဲ့အဖွဲ့ကို ကပ္ပိယကာရက အဖွဲ့ခေါ်တယ်။ အဲဒီအဖွဲ့ရဲ့ အကြီး အကဲဟာ သံဃာတော်ပဲဖြစ်ရမယ်လို့ရည်ရွယ်ပြီးတော့ ကျောင်းတိုက်စီမံအုပ်ချုပ်မှုတွေကို ဆရာတော်အား အပ်သွားတဲ့သဘောရှိပါတယ်။ ဒါဟာ အစောက လျှောက်ထားသွားချက်တွေကို ဘုန်းကြီးက Clarify လုပ်တဲ့ သဘောပါ။

          နောက်တစ်ခုဘာပြောမလဲဆိုလို့ရှိရင် မစိုးရိမ်ဆရာတော်ကြီးမိန့်တော်မူသွားတယ်။ “နာနာ ဟိ နော ခေါ ဘန္တေ ကာယာ ဧကံ စ ပန မညေ စိတ္တံ” နာနာကာယ ဖြစ်ပေမယ့် ဧကစိတ္တနဲ့ လုပ်ကြရမယ်တဲ့။ Separate body but single mind. ကိုယ်ကာယတွေ မတူ များပြားကြပေမယ့် စိတ်ဓာတ်ကတော့ တစ်စိတ်တည်းဖြစ်ရ မယ်။ မြန်မာတွေပြောတဲ့စကားရှိတယ် “နှစ်ကိုယ့်တစ်စိတ်” တဲ့။ ဒေသနာတော်မှာ မြတ်စွာဘုရားကိုယ်တော် တိုင်မိန့်ကြားသွားတဲ့စကား။ ဆရာတော်ကြီးက အချိန်ငဲ့ပြီးတော့ ချန်ထားသွားတာကို ဘုန်းကြီးက နည်းနည်း ဖြည့်ပြီးပြောလိုက်မယ်။ မြတ်စွာဘုရား ၀ဇ္ဇီတိုင်းက နာဋိကဆိုတဲ့ တောကျောင်းလေးတစ်ကျောင်းမှာနေတုန်းက ဂေါသိင်္ဂဥယျာဉ်ကြီးကို ကြွသွားတယ်။ ဂေါသိင်္ဂဆိုတာ နွားချိုနဲ့တူတဲ့ အခွကြီးနှစ်ခွ ပေါက်နေတဲ့အင်ကြင်းပင် ကြီးရှိတဲ့ဥယျာဉ်ကိုခေါ်တာ။ ဥယျာဉ်ထဲမှာ သံဃာတော် (၃) ပါးနေတယ်။ အရှင်အနုရုဒ္ဓါရယ် အရှင်နန္ဒိယရယ် အရှင်ကိမိလရယ်။ မြတ်စွာဘုရားကြွသွားတော့ အပေါက်စောင့်နေတဲ့ ဥယျာဉ်မှူးက ဘုရားကို မ၀င်နဲ့ဆိုပြီး တားထားတယ်။

          လိစ္ဆ၀ီမင်းတို့က သူတို့ဥယျာဉ်မှာနေတဲ့ ဒီသံဃာတော် (၃)ပါးကို ချမ်းသာစွာနေစေချင်လို့ သစ်ခုတ် တဲ့လူတွေ ၀ါခုတ်တဲ့လူတွေ မလာစေနဲ့၊ မျှစ်ချိုး မှိုချိုး ဟင်းရွက်ခူး မိန်းမတွေမ၀င်စေနဲ့၊ မုဆိုးတွေမလာစေနဲ့၊ ဘုရင့်အမိန့်မရရင် ဘယ်သူမှမ၀င်စေနဲ့ကွာဆိုပြီး အစောင့်ကိုတာဝန်ပေးထားတာ။ ဒီတော့ အစောင့်ကလည်း အမိန့်ကိုနားထောင်လိုက်တာ ဘုရားလာတာတောင် ၀င်ခွင့်မပေးဘူး၊ “အမိန့်”တဲ့။ ဒီတော့ လုပ်ငန်းနဲ့တာဝန် ပိုင်းမှာ အဲဒီလိုတာဝန်ကျေခဲ့တဲ့ပုဂ္ဂိုလ်တွေ သမိုင်းမှာရှိတယ်။ မြတ်စွာဘုရားနဲ့ဥယျာဉ်စောင့် အချီအချစကား ပြောနေကြတာ။

          “ငါ့တပည့်တွေ နေတာပါကွာ ငါဝင်ပါရစေ”ဆိုတော့

          “၀င်ခွင့်မပေးနိုင်ဘူး၊ သံဃာတော်တွေ ဆင်းရဲလိမ့်မယ်”တဲ့

          မြတ်စွာဘုရားမြေကြီးထဲက လျှိုဝင်လည်းရတယ်၊ ကောင်းကင်ကပျံပြီးတော့ ၀င်သွားလည်းရတယ်၊ ကိုယ်ရောင်ဖျောက်ပြီးတော့ဝင်သွားလည်းရတယ်။ ဒါပမေယ့် အဲဒါမျိုးတော့ ဘုရားမလုပ်ဘူး။ ဒါလည်း မြတ်စွာ ဘုရားဘက်က စည်းကမ်းကို စောင့်ထိန်းတဲ့သဘောပဲ။ ဥယျာဉ်စောင့်ကလည်း အမိန့်ကို နာခံတယ်။

          လုပ်ငန်းသဘောမှာ Discipline အရေးကြီးပါတယ်။ ငါးပါးသီလဟာ ဘာလဲလို့မေးရင် Discipline တစ် ခုပဲ။ Not to do any evil နဲ့ Not to speak any evil ဒီနှစ်ချက်ပဲ။ ငါးပါး ရှစ်ပါး ကိုးပါး ဆယ်ပါး များချင် သလောက်များ သီလဆိုတာ ဒီနှစ်လုံးပဲ။ Not to do any evil မကောင်းမှု ဘာမှမလုပ်နဲ့ သို့သော် မကောင်း မှန်းတော့ သိဘို့လိုတယ်။ Not to speak any evil မကောင်းတဲ့စကား ဘာမှမပြောနဲ့၊ ပါးစပ်ထိန်းထား။

          မြတ်စွာဘုရားနဲ့ဥယျာဉ်စောင့် စကားပြောနေတာကို အရှင်အနုရုဒ္ဓါက ကြာသွားတယ်။ ဒီတော့ ဥယျာဉ် စောင့်ကို ပြောလိုက်တယ် “ဖွင့်လိုက်ပါကွာ ဒါ ဒို့ရဲ့ဆရာပဲ” လို့ဆိုတော့မှ ဥယျာဉ်စောင့်က တံခါးဖွင့်ပေးတယ်။ ဒီတော့မှ ဘုရားဝင်ကြွသွားတယ်။ မြတ်စွာဘုရားကို အရင်ဦးဆုံးစတွေ့တာက အရှင်အနုရုဒ္ဓါနော်၊ အရှင်နန္ဒိယ နဲ့ အရှင်ကိမိလ မတွေ့ဘူး။ ဒီလိုအနုရုဒ္ဓါက သူအရင်ဦးဆုံးတွေ့တာဆိုပြီး ဘုရားကို တပါးတည်းပြေးမကြိုဘူး၊ ကျန်တဲ့ သီတင်းသုံးဖေါ်နှစ်ပါးကို သွားခေါ်တယ်၊ အသိပေးတယ်။ ပြီးတော့မှ အတူတူသွားကြိုကြတယ်၊ အဲဒါ Harmony ပဲ။ ငါတွေ့လို့ ငါပဲကြိုလာတယ်ဆိုရင် မကြိုလိုက်ရတဲ့ဟိုနှစ်ပါးက စိတ်ကောင်းရှာမှာမဟုတ်ဘူး။ အဲ ဒါကြောင့် ငါသိတယ်၊ ငါတတ်တယ်၊ ငါနားလည်တယ် ဆိုတဲ့ကိစ္စလေးတွေမှာ အများကြီးစဉ်းစားစရာရှိတယ်။

          သုံးပါးစုံ အတူတူသွားကြိုကြပြီးတော့မှ တစ်ပါးက နေရာခင်းပေးတယ်၊ တစ်ပါးက သောက်ရေသုံးရေ ဆက်ကပ်တယ်၊ တစ်ပါးက ဘုရားပုခုံးက သပိတ်နဲ့သင်္ကန်းကိုယူတယ်။ ကြိုဆိုခြင်းမှာ သုံးပါးလုံးတညီတည်း။ ကိုယ်ကာယကတော့ တစ်ကိုယ်စီ စိတ်ကတော့ တစ်စိတ်တည်းလို့ မစိုးရိမ်ဆရာတော်မိန့်တာ အဲဒါပဲ။

          United Nation ရဲ့ အခြေခံပေါ်လစီ (၃) ခုရှိတယ်။ Harmony, Peace, Coexistent (၁၆) ရက်နေ့က ဘုန်းကြီးတို့ အဲဒီမှာစကားပြောခဲ့တယ်။ ကောင်းပြီ မြတ်စွာဘုရားရှေ့ (၃) ပါးစုံ ထိုင်ကြပြီးပြီဆိုတဲ့အခါမှာ မြတ် စွာဘုရားက “သောဘနံ ဝတ ဂေါသိင်္ဂသာလဝနံ = ဟာ မင်းတို့ဥယျဉ်ကြီး လှလိုက်တာကွာ၊ ဘယ်လိုများတန် ဆာဆင်ထားသလဲ” လို့မေးတော်မူတယ်။ တကယ်တော့ တပေါင်းလ နေပြင်းပြင်းအောက်မှာ ဒီတောကသစ် ပင်တွေဟာ ရွက်ဝါတွေလည်းဝေလို့၊ ရွက်ခြောက်တွေလည်းပြန့်ကျဲလို့၊ ရိုးတံပြိုင်းပြိုင်း သစ်ကိုင်းခြောက်တွေ ကလည်း ထိုးထိုးထောင်ထောင် မျက်စိအမြင်မှာ ဘယ်လိုမှမလှတဲ့ ဒီဥယျာဉ်ကြီးကို မြတ်စွာဘုရားက ”သိပ်လှ တာပဲ၊ ဘယ်လိုများတန်ဆာဆင်ထားသလဲ”လို့ မေးတော်မူတဲ့အခါ၊ “တပည့်တော်တိုက သာမဂ္ဂီ နဲ့ တန်ဆာ ဆင်ထားတယ်ဘုရား” လို့လျှောက်ကြတယ်။

          “ညီညွတ်ခြင်းဖြင့် ဥယျာဉ်ကို အလှပြင်ထားပါတယ်ဘုရား”

“ဘယ်လိုညီညွတ်ခြင်းတွေနဲ့အလှပြင်ထားသလဲ”

“တပည့်တော်တို့ ဒီဥယျာဉ်ကြီးထဲမှာ သုံးပါးနေကြပါတယ်ဘုရား၊ သို့သော်လည်း ခန္ဓာကိုယ်သုံးခု ကွဲနေကြပေမယ့် စိတ်ကတော့ တစ်စိတ်တည်းထားပြီး နေထိုင်ကြပါတယ်ဘုရား”

ကဲဒို့တကာဒကာမတွေလည်း ဒီကနေ့ကစပြီး အဲဒီအတိုင်းကျင့်သုံးကြ။ နာနာကာယ ဧကစိတ္တ ဖြစ် အောင်နေထိုင်ကြ။ သုံးပါးနေပေမယ့် တစိတ်တည်း ဘယ်လိုကျင့်သုံးနေထိုင်သလဲဆိုတာနဲ့ပတ်သက်ပြီး ပြောစရာတွေအများကြီးထဲက အချိန်ကိုငဲ့ပြီး နှစ်ခုပဲပြောမယ်။

“သဗ္ဗရတ္တိံ ဓမ္မဿဝနာယ ဝိဟရာမ” ညလုံးပေါက် တပည့်တော်တို့ တရားနာပြီးတော့ နေကြပါတယ်။ အနုရုဒ္ဓါဟောတဲ့အခါ ကျန်နှစ်ပါးက နာယူကြတယ်၊ ကိမိလဟောတဲ့အခါ နဲ့ နန္ဒိယဟောတဲ့အခါတို့မှာလည်း ကျန်နှစ်ပါးစီက တရားနာကြတယ်။ တစ်ညကို သုံးပုံပုံပြီး အလှည့်ကျစီဟောကြတဲ့အခါ ကျန်နှစ်ပါးစီက လေး လေးစားစားနာယူကြတယ်။

အဲဒီလိုဖြစ်ရမှာ တစ်ယောက်ကပြောတဲ့အခါမှာ ကျန်တဲ့သူတွေက စိတ်ရှည်လက်ရှည် နားထောင်ဘို့၊ နောက်တစ်ယောက်ကပြောတဲ့အခါမှာလည်း ကျန်တဲ့သူတွေက စိတ်ရှည်လက်ရှည်နားထောင်ဘို့၊ တစ် ယောက်ပြီးတစ်ယောက် ပြောပြောသွားတာတွေကို နှစ်ယောက်စီ နှစ်ယောက်စီ၊ သုံးယောက်စီ သုံးယောက်စီ အဖွဲ့ဝင်တွေက စိတ်ရှည်လက်ရှည်နားထောင်ဘို့လိုပါတယ်။ ဟာ ငါပြောတာမှအမှန် မင်းပြောတာကအမှား လက်မခံနိုင်ဘူး ဘာညာ စသဖြင့်ငြင်းခုံနေမယ်ဆိုရင် ဘယ်လိုမှဖြစ်မှာမဟုတ်ဘူး။

“တပည့်တော်တို့ ညလုံးပေါက် အလှည့်ကျစီ တရားဟော၊ တရားနာပြီး နေကြပါတယ်ဘုရား” ဆိုတော့

“အေးကွယ် ဒါကြောင့် ဒီဂေါသိင်္ဂဥယျာဉ်ကြီး လှပနေတာပဲ” တဲ့။

သကံ စိတ္တံ နိက္ခိပ္ပိတွာ ဣမေသံယေဝ အာယသမန္တာနံ စိတ္တဿဝသေန ဝတ္တာမိ။ ဒုတိယအချက် အနေနဲ့ အရှင်အနုရုဒ္ဓါကလျှောက်တယ်၊ တပည့်တော်အနုရုဒ္ဓါသည် တပည့်တော်ရဲ့စိတ်အလိုဆန္ဒကို လျှော့ ထားပြီးတော့ အတူနေသီတင်းသုံးဖေါ်နှစ်ပါးရဲ့စိတ်အလိုကို လိုက်ပြီးနေပါတယ်ဘုရား”တဲ့။

အရှင်ကိမိလကိုမေးတော့ “တပည့်တော်လည်း တပည့်တော်ရဲ့အလိုဆန္ဒတွေကိုလျှောထားပြီးတော့ ကျန်နှစ်ပါးရဲ့စိတ်အလိုကိုလိုက်ပြီးနေပါတယ်ဘုရား” လို့ဖြေတယ်။

အရှင်နန္ဒိယကိုမေးတော့လည်း ဒီအတိုင်းပဲဖြေတာပဲ။ သုံးပါးလုံးကိုမေးပြီး တစ်ပတ်လည်တော့ စစ်တမ်းထုတ်လိုက်တဲ့အခါ ကိုယ့်ဆန္ဒကိုရှေ့တန်းမတင်၊ လျှော့ချပြီးသား၊ သူတပါးအလိုကို ဖြည့်ဆည်းပြီးသား ဖြစ်သွားတယ်။ အဲဒါကြောင့် ဂေါသိင်္ဂဥယျာဉ်ကြီးလှနေတာပေါ့။ ငါ့အလိုအတိုင်းပဲဖြစ်ရမယ်၊ ငါ့ဆန္ဒကိုသာလိုက် လျှောရမယ်ဆိုရင် ဒီဥယျာဉ်ကြီး ဘယ်လိုမှ လှနိုင်မှာမဟုတ်ဘူး။

အားလုံးမှတ်ထားနော် တစ်ပါးချင်း တစ်ပါးချင်းက စိတ်ဆန္ဒတွေကို လျှော့ထားကြတယ်။ ကျန်သော နှစ်ပါးစီ နှစ်ပါးစီရဲ့အလိုကို ဖြည့်ပေးကြတယ်။ ဒီကျောင်းဖြစ်မြောက်ရေးအဖွဲ့ဟာ ဒီလိုလုပ်လာလို့ ဒီကျောင်းပြီး တာ။ ကျောင်းဖြစ်ပြီးတဲ့အခါမှာလည်း ဒီကျောင်းဆက်လက်ပြီး တိုးတက်နေဘို့ အောင်မြင်နေဘို့အတွက် နောက်ဖွဲ့လာမယ့် ကပ္ပိယကာရကအဖွဲ့ဟာ ဒီလိုပဲလုပ်ရမယ်။ ကိုယ့်စိတ်ဆန္ဒ ကိုယ့်အတ္တတွေကို ရှေ့တန်း မတင်ထားနဲ့ လျှော့ထားကြပြီး ကျန်သောပုဂ္ဂိုလ်တွေရဲ့အလိုဆန္ဒတွေကို အားလုံးဝိုင်းနားထောင်ပြီး ညှိလုပ်ကြ ရမယ်။ အဲဒါ ဂေါသိင်္ဂဥယျာဉ်က ရဟန္တာကြီးသုံးပါးရဲ့ ကျင့်ထုံးပဲဖြစ်ပါတယ်။

”နာနာကာယ ဧကစိတ္တ” နေနည်းလို့ခေါ်ပါတယ်။ အဲဒါကို ခြုံပြီးတော့ ငုံမိအောင်ပြန်ပြောရရင် “မေတ္တာ” ပဲ။ မေတ္တာဆိုတာ ချစ်တာကိုပြောတာလို့ မမှတ်နဲ့။ မေတ္တာဆိုတာ Non hatred to anyone. ဘယ် သူ့ကိုမှစိတ်မဆိုးစတမ်း အဲဒါ မေတ္တာ။ No anger ဆိုတာ မေတ္တာ။ ဒေါသကို နှိပ်ကွပ်ခြင်း၊ ဒေါသကို ချုပ်တည်း ခြင်း၊ ဒေါသကို ဖယ်ရှားခြင်းဟာ မေတ္တာရဲ့အခြေခံတရားဖြစ်ပါတယ်။ မေတ္တာတရားအားကောင်းလာရင် “ခန္တီ” အားကောင်းလာမယ်။

“ခန္တီ”ဆိုတာမြေကြီးနဲ့တူတယ်။ အမေရိကန် မြေကြီးပေါ်မှာ လူသန်းပေါင်း (၂၀၀) လောက်နေတယ်။ ဒီမြေကြီးပေါ်နေတဲ့လူသန်းပေါင်း (၂၀၀) က ဒီမြေကြီးပေါ်ကို ချီးယိုတဲ့အခါ မြေကြီးက ဘယ်တော့မှ Reject မလုပ်ဘူး။ ဘာကြောင့်လည်းဆိုတော့ သူ့မှာ Depress မဖြစ်လို့။ ဒီလူတွေကပဲ ဒီမြေကြီးကို လှစေချင်လို့ ပန်း ပင်တွေ သစ်ပင်တွေစိုက်ပြီးအလှဆင်တယ် ဒါပေမယ့် မြေကြီးကဒါတွေကို Attach မဖြစ်ဘူး။ Attach မဖြစ်ရင် Accept မလုပ်ဘူး။ အဲဒါပါပဲ။

Without reject, without accept, ကောင်းချင်တိုင်းကောင်း မတပ်မက်နဲ့၊ ဆိုးချင်တိုင်းဆိုး စိတ်မ ပျက်နဲ့၊ အဲဒီနှစ်ခုရဲ့ ကြားကသွားတာ Without detach and without attach go through the middle way. အလယ်ကသွားနိုင်တဲ့ကျင့်စဉ်မျိုးကို “ခန္တီ”လို့ခေါ်တာ။

Loving-kindness and great tolerance, it is the foundation of harmony and unity. ဂေါသိင်္ဂ ဥယျာဉ်က ရဟန္တာသုံးပါးရဲ့ညီညွတ်ခြင်းဟာ “မေတ္တာ နဲ့ ခန္တီ”ပေါ်မှာ တည်ဆောက်ထားတယ်။ အဲဒါကို နည်းနည်းလေး ချဲ့ပြောမယ်ဆိုရင် တစ်လုံးတိုးလိုက် Forgiveness ခွင့်လွှတ်ခြင်း။

မေတ္တာနဲ့ခန္တီအားကောင်းမှ ခွင့်လွှတ်ခြင်းအားကောင်းမယ်။ မေတ္တာနဲ့ခန္တီအားမကောင်းရင် ခွင့်မလွှတ် နိုင်ဘူး။ ဒါကြောင့်ထပ်ဆင့် Harmony နဲ့ Peace ရဲ့အခြေခံကျင့်စဉ် နံပါတ် (၃) ဟာ Forgiveness ခွင့်လွှတ် ခြင်းလို့မှတ်လိုက်။

ကျောင်းထောင်တယ်ဆိုတာ စကားအနေနဲ့သာပြောတာ တကယ်တော့ ဒီလူတွေရဲ့ အကျိုးစီးပွား အတွက် စုဝေးရာဌာနတစ်ခုပဲ၊ Buddhist Gathering Center ပဲ။ အမှိုက်ပုံမှာ ယင်အုံတယ်၊ သူ့ရဲ့ production က ဘာလဲ “ရောဂါ”၊ ပန်းရုံမှာ ပျားအုံတယ် အဲဒီကထွက်လာတဲ့ production က “အားဆေး”၊ စုဝေးရာ နှစ်မျိုး ရှိတယ်။ Community Center တွေ နိုင်ငံတိုင်းရှိတာပဲ။ မန္တလေးကယဉ်ကျေးမှုတစ်ခု ဘယ်လောက်ကောင်းလဲ ရပ်ကွက်တိုင်းမှာ ဓမ္မာရုံလေးတွေနဲ့၊ ဆွမ်းလောင်းရုံလေးတွေနဲ့။ အဲဒီ Tradition နဲ့ ဓလေ့ထုံးစံက အခု ဒီရောက်လာတာ။ မစိုးရိမ်ဆရာတော်ကြီးက စိုးရိမ်တကြီးပြောရှာတယ် “ကလေးတွေကို မြန်မာစကားသင်ပေး၊ မြန်မာစာသင်ပေး၊ မြန်မာ့ယဉ်ကျေးမှု ဗုဒ္ဓဘာသာယဉ်ကျေးမှုအမွေအနှစ်တွေသင်ပေး”တဲ့။

ဘုန်းကြီးကလည်း ပြောချင်ပါတယ်။ အခု ဒီလူတွေ ချွေးနဲ့သွေးနဲ့ရင်းနှီးပြီးမှရတဲ့ပိုက်ဆံတွေ သာသနာ တော်အတွက် ရက်ရက်ရောရော ပုံပြီးတော့ထည့်ကြတယ်။ ဆွမ်းပွဲဆိုလည်း ကျွေးလိုက်ကြတာ စားပွဲကိုလျှံနေ တာပဲ။ အခု ဒီလူကြီးတွေရဲ့ သားသမီးများလက်ထက်ရောက်ရင် ဒီလိုလုပ်ပါဦးမလားလို့ တွေးကြည့်ကြ၊ မျှော် ကြည့်ကြ၊ Second generation မှာ လာမယ်မထင်တော့ဘူး။ Third generation ရောက်ရင် ပျောက်မယ်လို့ ဘုန်းကြီးဒီလိုပဲထင်တယ်။

၁၉၈၂ က အင်္ဂလန်က အောက်စ်ဖို့ဆိုတဲ့ရွာလေးတစ်ရွာမှာ မစ်စ် အီဂယ်တန် ဆိုတဲ့အင်္ဂလိပ်အဖွား ကြီးတစ်ယောက်ရဲ့အိမ်မှာ ဘုန်းကြီး (၃) လနေတယ်။ ဗမာမရှိတဲ့နေရာမှာသွားနေတာ၊ ရန်ဖြစ်သံတွေကြားရမှာ နားငြီးမှာကြောက်လို့ (မဟုတ်ပါဘူး)၊ အင်္ဂလိပ်စကားပြောချင်လို့။ အိမ်ခြေ (၈၀၀) ရှိတဲ့ရွာလေးရဲ့ အလယ်မှာ ရိုမန် ချပ်တစ်ခုရှိတယ်။ စနေ တနင်္ဂနွေ ခေါင်းလောင်းထိုးသံကြားတာနဲ့ ဘုန်းကြီးချပ်ထဲဝင်သွားပြီး နောက်ဆုံး တန်းကခုံလေးတစ်ခုံမှာ ဝင်ထိုင်တယ်။ ခေါင်းလောင်းခေါက်ပြီး တစ်နာရီလောက်ကြာတော့မှ လူသုံးလေးဆယ် လောက်စုမိတယ်။ အိုနာကျိုးကန်း အဖိုးကြီး အဖွားကြီးတွေချည့်ပဲ။ လူငယ်တစ်ယောက်မှမပါဘူး။ ဘုန်းတော် ကြီးက ရွတ်ဖတ်သရဇ္ဈာယ် ဆုတောင်းပေးပြီး လိုက်နှုတ်ဆက်ရင်း နောက်ဆုံးဘုန်းကြီးဆီရောက်လာတယ်၊ နှုတ်ဆက်စကားနည်းနည်းပါးပါးပြောပြီးတဲ့အခါ ဘုန်းကြီးကမေးတယ်။

မင်း (၉) နာရီထိုးကတည်းက ခေါင်းလောင်းတဒေါင်ဒေါင်ခေါက်နေတာ (၁၀) နာရီထိုးတဲ့အထိပဲ၊ တစ်ရွာလုံးအိမ်ခြေ (၈၀) လောက်ရှိတယ်၊ ဒါပေမယ့်ဒီကိုလာတဲ့အခါ လူက (၃၀) လောက်ပဲရှိတယ်၊ အားလုံး ဟာ အဖိုးကြီးအဖွားကြီးတွေချည့်ပဲ၊ လူငယ်တစ်ယောက်မှလာတာမတွေ့ဘူး ဘာဖြစ်လို့လဲမေးတော့။ သူက ပြောတယ် Today in the west the young generation are struggling to be liberated from religion. ဒီ ကနေ့လူငယ်တွေ အနောက် ဘာသာရေးကလွတ်မြောက်ဘို့ ကြိုးစားနေကြပြီတဲ့။ အဲဒါ သတိထား။ ကျောင်း ထောင်တယ် ဘုန်းကြီးစားဘို့ချည့်လုပ်မနေနဲ့ ကိုယ့်ကလေးတွေ ဓမ္မရသ စားသုံးရဘို့အရေးကြီးတယ်။

အဲဒါကြောင့် ကျောင်းထိုင်ဘုန်းကြီးရယ် ကျောင်းကပ္ပိယကာရကအဖွဲ့ရယ်ကိုမှာချင်တယ် Sunday School ဖွင့်ပါ။ မြန်မြန်ဖွင့်နိုင်အောင်လုပ်။ ဝါဆိုလပြည့်နေ့နောက်ဆုံးထား။ ဝါဆိုလပြည့်နေ့သည့် ဓမ္မနေ့၊ ဓမ္မ နေ့မှာ ဓမ္မနဲ့စ။ စနေနေ့မှာ ဗမာစကားမပြောတဲ့သူတွေအတွက် သီးခြား Meditation course တစ်ခုဖွင့်ရမယ်။ တနင်္ဂနွေနေ့မှာ ကျောင်းသား (ကလေး) မိဘတွေအတွက် ပုံမှန်တရားပွဲလေးလုပ်ပေးရမယ်။ ဒီ Activity သုံးခု ရှိမှ ကျောင်းကအဓိပ္ပါယ်ရှိမယ်။ လာပို့တဲ့ဆွမ်းလေးစားပြီးအိပ်နေမယ်ဆိုရင် ဘာလုပ်မလဲ၊ မင်းတို့ကလည်း စုဝေးပြီး ဘုန်းကြီးကျန်တာလေး စားလိုက်ကြ၊ စကားများလိုက်ကြ၊ ပြန်လိုက်ကြ ဘာလုပ်မလဲ၊ မင်းတို့ပိုက်ဆံ တွေအချည်းနှီးဖြုန်းတီးနေတာနဲ့အတူတူပဲ။ အဲလိုမလုပ်နဲ့၊ သုံးခု Activities ရှိရမယ်။ ကွန်မြူနစ်ပြောသလို ပြောရရင် “အလုပ်ရှိရင် ထမင်းရှိမယ်၊ အလုပ်မရှိရင် ထမင်းမရှိ ဘူး” ပဲ။

“မောဃံ သရတ္ထပိဏ္ဍံ ဘုဉ္ဇတိ၊ အမောဃံ သရတ္ထပိဏ္ဍံ ဘုဉ္ဇတိ” ဘုရားဟောရှိတယ် ဒါကြည့်ပြောတာ။ တိုင်းသူပြည်သား ဒကာဒကာမလှူတဲ့ထမင်းကို အချည်းနှီးမစားရဘူးတဲ့ ဘုရားဟောတာ။ အဲဒါမောင်စန္ဒာသီရိ အတွက် Special Lecture ပဲ မှတ်ထား။

Refuge လုပ်တယ်ဆိုတာ to learn = သင်ခြင်း၊ to train = လေ့ကျင့်ခြင်း၊ to understand = နာလည်ခြင်း။ If you want to turn the new leaf of your life. ဘဝစာမျက်နှာသစ်ကို လှန်လိုတဲ့ ဖွင့်လိုတဲ့သူတွေ learn the Dhamma, practice the Dhamma, train the Dhamma, အဲ့ဒါတွေကိုလည်း ပြောပါတယ်။

Story လေးတစ်ခုပြောပြီး နိဂုံးသတ်မယ်

အဖေကိုသတ်ပြီး ရင်ထဲမှာ ပူလောင်နေတဲ့မင်းဟာ ဘယ်သူလဲ သိတယ်နော်၊ အဇာတသတ်မင်း။

“ယွာဟံ ဘန္တေ ဣဿရိယကာရဏာ ပိတရာ ဟန္တွာ”လို့ အဇာတသတ်မင်း မြတ်စွာဘုရားကိုလျှောက် တယ်။ ဣဿရိယကာရဏာ တဲ့၊ ဘာပြောတာလဲဆိုရင် Power craving ကွ၊ အာဏာပါဝါကို မက်မောမိလို့ ဖခင်ကိုသတ်မိပါဘုရား တဲ့။ အဲဒါ ဘာလဲဆိုရင် Confession ကွ၊ ဝန်ခံတာ။ အမှားတစ်ခုကို ဘာလုပ်နိုင်ရမလဲ Confess လုပ်နိုင်ရမယ်။ If you want to show the beauty of your life you must be honest. To show the honest you must confess your mistake. ဘဝရဲ့အလှအပကိုပြချင်ရင် ဘာလိုလဲ ရိုးသားဘို့လိုတယ်။ ရိုးသားမှုကိုပြချင်ရင် လုပ်ခဲ့မိတဲ့အမှားကို ဝန်ခံဖွင့်ပြောဘို့လိုတယ်။ အဇာတသတ်က ဖွင့်ဟဝန်ခံလိုက်တဲ့အခါ တိုအောင်ပြောလိုက်တော့ ခွင့်လွှတ်တယ်ပေါ့။ ဒါပေမယ့် ဘုရားကသူ့ကို Warning တစ်ခုပေးလိုက်တယ် “အာယတိံ သံဝရ” နောက်ထပ် ဒါမျိုးမဖြစ်အောင် စောင့် ရှောက်လို့ပြောတာ။ အဖေသတ်ပြီး အမေထပ်သတ်မိ မှာစိုးလို့။ ဒီတော့မှ အဇာတသတ်ရဲ့ရင်ထဲမှာ ရှင်းပြီးတော့အေးသွားတော့တယ်။

အဲဒါကြောင့် မင်းတို့တတွေ ဘာအသင်းအဖွဲ့ပဲထောင်ထောင်၊ ဘာပဲလုပ်လုပ် ကိုယ်မှားတာကို မှားမှန်း သိအောင်လုပ်ကြ၊ မှားမိရင်လဲ ဝန်ခံဘို့ရာ နှုတ်မနှေးပါနဲ့၊ ဝန်ခံပြီးရင်လည်း Apologize တောင်းပန်ဘို့ရန် မနှေးပါနဲ့၊ အဲဒီသုံးခုလုပ်လိုက်မိရင် ရင်ထဲမှာအေးသွားတယ်။

သြကာသတန်ဘိုး သိပ်ကြီးမားတယ်နော်။ မင်းတို့စောစောက သြကာသ သြကာသ နဲ့ဆိုပြီးကန်တော့ တယ်မဟုတ်လား၊ ဒါပဲ သြကာသဆိုတာ၊ ခွင့်လွှတ်ပါ၊ ခွင့်လွှတ်ပါလို့ တောင်းပန်တာ။ အဖေသတ်တဲ့အပြစ်ဟာ ဗုဒ္ဓဘာသာထုံးစံအယူအဆအတိုင်းပြောရင် အဝီစိသွားရမယ်မဟုတ်လား၊ ကမ္ဘာဆုံးအောင်ခံရမယ်မဟုတ်လား၊ အဇာတသတ် ဝန်ခံတော့ဘာဖြစ်သွားလဲ၊ ထောင်ပြောင်းသွားတယ်၊ အဝီစိထောင်ကနေပြီး လောဟကုမ္ဘိ ထောင်ကိုပြောင်းသွားတယ်ကွ။ တစ်သက်တစ်ကျွန်း သေဒဏ်ဆိုတဲ့ပစ်မှုကနေ လောဟကုမ္ဘိဆိုတဲ့ထောင်ကို ပြောင်းတော့ နှစ်ရှစ်သောင်းနဲ့သူလွတ်လာမယ်။ မှတ်ထား မင်းတို့ သြကာသလုပ်နိုင်ရင် Apologize လုပ် နိုင်ရင် Confession လုပ်နိုင်ရင် လျှော့ရက်တွေအများကြီးရမယ်။

အဲဒါကြောင့် ကျောင်းထောင်တယ်ဆိုတာ ဘာလုပ်တာလဲမေးရင် သြကာသအဓိပ္ပါယ်လေးကိုပဲ မင်းတို့ အားလုံးနားလည်ဘို့ ပထမလိုအပ်တယ်။ မိုးကုတ်ကထွက်တဲ့ကျောက်ဟာ အနီရောင်၊ မိုးကောင်းကထွက်တဲ့ ကျောက်ဟာ အစိမ်းရောင်၊ ကျောက်စိမ်းကို အာဖရိကတိုက်ကိုရောင်းလိုက်တယ် ကပ္ပလီလက်ထဲရောက်သွား လို့ ဒီကျောက်ဟာ မည်းမသွားဘူး၊ အရောင်မပြောင်းသွားဘူး၊ အစိမ်းဟာ အစိမ်းအတိုင်းပဲ။ သူ့Color, သူ့ Diginity, သူ့ Value ဘယ်တော့မှမပြောင်းဘူး။ မိုးကုတ်ကထွက်တဲ့ကျောက်နီ ဆွစ်ဇာလန် ဂျနီဖာမှာတွေ့ခဲ့ တယ် Burmese Rubies တဲ့ရေးထားတာ။ အဲဒီရောက်လို့ ဆွစ်လူမျိုးတွေက ဘယ်တိုင်းပြည်ကလဲမေးတဲ့အခါ ဗမာပြည်ကလို့ပြောရတာ ဂုဏ်တောင်ရှိသေးတယ်။ (တခြားနေရာတော့သွားမပြောနဲ့ Burma ဆို ကုတ်နေရ တာ)။ ဆိုချင်တဲ့အဓိပ္ပါယ်က ပတ္တမြားကျောက်နီဟာ ဘယ်တိုင်းပြည်ရောက်ရောက် သူ့အနီရောင်နဲ့သူ့တန်ဘိုး ကိုသူမပြောင်းဘူးကွ၊ မိုးကုတ်ကျောက်လို မိုးကောင်းကျောက်လို ကိုယ့်တိုင်းပြည်ကပါလာတဲ့ Tradition, Custom, Religion, Culture ဘာမှမပြောင်းနဲ့၊ ဘောင်းဘီပဲဝတ်ဝတ် ကိုယ်တုံးလုံးပဲနေနေ ကိစ္စမရှိဘူး၊ နှလုံး သားထဲက ဒီအရည်အချင်းတွေ မင်းတို့မပျောက်စေနဲ့။ အဲဒါကြောင့် ကျောင်းထောင်တယ်ဆိုတာ ဘာလုပ်ဘို့ လဲဆိုရင် ဗမာပြည်ကလူတွေ အမေရိကရောက် တဲ့အခါမှာ အရောင်အသွေးမပြောင်းဘို့နဲ့ တန်ဘိုးမလျော့စေ ဘို့အတွက် ဒီကျောင်းတွေကနေ ထိန်းပေးရမယ်၊ အဲဒါအတွက် Community Center ကိုလုပ်ထားတာပဲ။

သြကာသရဲ့တန်ဘိုးကို နားလည်သွားပြီလား၊ လျှော့ရက်တွေအများကြီးရတယ်။ အဲဒါကြောင့် Harmony, Peace and Coexistence ဒီသုံးခုကိုတည်ဆောက်တော့မယ်ဆိုလို့ရှိရင် ၁။ Loving Kindness, ၂။ Tolerance, ၃။ Forgiveness, ၄။ Confession, ၅။ Apologize အဲဒီ Constitution ငါးခုနဲ့ ညီညွတ်ခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ လက်တွဲဆောင်ရွက်ခြင်းတို့ကို တည်ဆောက်ကြရမယ်၊ တည်ဆောက်ကြပါ။ သီတဂူသံဃ ဝိဟာရရဲ့ ကပ္ပိယကာရကအဖွဲ့ဝင်အားလုံး၊ သံဃာတော်များနဲ့ ကြွရောက်လာကြတဲ့အလှူရှင်အားလုံး ဤ ကျောင်းတိုက်ကို ဆိုခဲ့တဲ့ အခြေခံမူ (၅) ချက်နဲ့အညီ ထိန်းသိမ်းစောင့်ရှောက် တိုးတက်အောင် ဆောင်ရွက် သွားနိုင်ကြပါစေလို့ အလေးအနက်တိုက်တွန်းပြီးတော့ ဘုန်းကြီးရဲ့သြဝါဒကထာကို နိဂုံးချုပ်ပါတယ်။

သူတော်ကောင်းတရား နေရာတိုင်မှာ ထွန်းတောက်ပါစေ။

သာဓု    သာဓု    သာဓု

သီတဂူဆရာတော်