မဆုတ်ယုတ်ခြင်းအကြောင်းတရား (၇) ပါး

၂၀၀၉ ခုနှစ် သြဂုတ်လ ၁၆-ရက်နေ့ ညနေ (၆) နာရီ

ရန်ကုန်မြို့၊ သီတဂူအပြည်ပြည်ဆိုင်ရာသာသနာပြုဗိမာန်တော်တွင် ကျင်းပပြုလုပ်သော

သီတဂူသာသနာပြုအဖွဲ့အစည်းအဝေးတွင် မိန့်ကြားတော်မူသော

မဆုတ်ယုတ်ခြင်းအကြောင်းတရား (၇)ပါး

အဖွင့်သြ၀ါဒကထာ

 “ယာဝဇီဝဉ္စ ဘိက္ခဝေ အဘိန္နံ သန္နိပါတာ သန္နိပါတဗဟုလာ ၀ုဒ္ဓိယေ၀ ဘ၀ိဿန္တိ နော ပရိဟာနိ – ရဟန်းတို့ အဆက်မပြတ် စည်းဝေးခြင်းသည် ကြီးပွားခြင်းရဲ့အကြောင်းဘဲ ဆုတ်ယုတ်ခြင်းအကြောင်း မရှိဘူး” အဲဒီတရားတော်ကို ထောက်ထားပြီး အားလုံးစည်းဝေးကြတဲ့အခါမှာ ဆုတ်ယုတ်ရာ ဆုတ်ယုတ်ကြောင်း အကြောင်းတရားတွေ ရှိခဲ့မယ်ဆိုရင် အဲဒီ အကြောင်းတရားတွေကို ပိတ်ဆို့နိုင်အောင် ကြိုးစားရမယ်။ ကြီးပွားရာ ကြီးပွားကြောင်းလမ်းတွေကို အားလုံးဝိုင်း ၀န်းပြီး တည်ဆောက်ရမယ်။

ဒီအပရိဟာနိယတရားတော်ရဲ့ နောက်ခံ Background က အင်္ဂတိုင်း မဂဓတိုင်းတွေရဲ့ အရှင်သခင် အဇာတသတ်မင်းဟာ ၀ဇ္ဇီတိုင်းသား လိစ္ဆ၀ီမင်းတွေကို မျိုးဖြုတ်တိုက်ချင်တယ်။ တိုက်တိုင်းလဲ တပ်လန်ပြေးခဲ့ရတယ်။ အနိုင်မရဘူးဖြစ်နေတယ်။ အနိုင်တိုက်နိုင်ဘို့ နည်းလမ်းကောင်းကို လိုက်တောင်းတာ ဘယ်သူကမှမပေးနိုင်ကြဘူး။ အဲဒါနဲ့ သုနိဓနဲ့ ၀ဿကာရ ၀န်ကြီးနှစ်ယောက်ကို မြတ်စွာဘုရားဆီစေလွှတ်ပြီး အကြံဉာဏ်တောင်းခိုင်းတယ်။ မြတ်စွာဘုရားက ၀န်ကြီးနှစ်ယောက်ကို မဖြေဘဲ အရှင်အာနန္ဒာအမှူးရှိတဲ့ သံဃာတော်တွေဘက်လှည့်ပြီး “၀ဇ္ဇီနိုင်ငံတော်ကြီး မပြတ်စည်းဝေးခြင်းစသော အပရိ ဟာနိယတရား(၇)ပါးနှင့် ပြည့်စုံနေသရွေ့ မည်သူကမျှ တိုက်ခိုက် အနိုင်မယူနိုင်” လို့မိန့်ကြားတော်မူခဲ့တယ်။

ဝဇ္ဇီမင်းတို့ကျင့်သုံးသည့် ယင်းအပရိဟာနိယတရား(၇)ပါး အပြည့်အစုံမှာ “တိုင်ပင်ညီညွတ်၊ မပြတ်စည်းဝေး၊ နည်းရှေးလိုက်ယူ၊ ကြီးသူရိုသေ၊ စောင့်လေမျိုးနွယ်၊ နတ်ဝယ်တင်မြှောက်၊ စောင့်ရှောက်ရဟန်း၊ ခုနှစ်ခန်း မှတ်တမ်း အပရိဟာနိယ” ဟူသည်နှင့်အညီ (၁) ညီညွတ်ခြင်း (၂) မပြတ်မပြတ်စည်းဝေးခြင်း (၃) ရှေ့နည်းရှေ့မူဟောင်း စနစ်ဟောင်းတွေကို မဖယ်ရှားဘဲ လိုက်နာကျင့်သုံးခြင်း (၄) ကိုယ့်အမျိုးအနွယ်ရဲ့ ဘာသာရေး ဓလေ့ထုံးစံ(Religious costum) လူမှုရေး ဓလေ့ထုံးစံ(Social costum)စသည်တို့ကို စောင့်ရှောက်ထိန်းသိမ်းခြင်း (၅) ငယ်သူငယ်သူတို့က ကြီးသူကြီးသူတို့ကို ရိုသေလေးစားခြင်း (၆) မြို့စောင့်နတ်တွေကို ပူဇော်ပသခြင်း (၇) ရဟန်းသံဃာတွေကို တိုင်းပြည်၌ ပျော်အောင်စောင့်ရှောက်ခြင်းတို့ဖြစ်တယ်။

အပရိဟာနိယတရားကို ကြားနာရတဲ့ ၀န်ကြီးနှစ်ယောက်က တရားတော်ကို ပြောင်းပြန်အဓိပ္ပါယ်ကောက်ယူပြီး အဇာတသတ်မင်းနဲ့တိုင်ပင်ကာ လိစ္ဆ၀ီမင်းတို့ကို မိထုဘေဒနည်းနဲ့ သွေးခွဲတယ်။ တဦးနဲ့တဦးစိတ်ဝမ်းကွဲအောင် ကုန်းချောတယ်။ အားလုံး အစိတ်စိတ်အမွှာအမွှာ စိတ်ဝမ်းတွေ ကွဲကုန်ကြပြီဆိုတော့မှ ၀င်တိုက်ပြီးတိုင်းပြည်ကို သိမ်းခဲ့ တယ်။ အဲဒါကိုနည်းယူပြီး သီတဂူအဖွဲ့ဝင်များအားလုံး အပြင်လူကိုလည်း သတိပြုရမယ်၊ အတွင်းမှာလည်း သံသယကို မဖန်တီးကြနဲ့။ တစ်ယောက်နှင့်တစ်ယောက် သံသယမရှိအောင် အားလုံးဆောင်ရွက်ကြရမယ်။

အဲဒါနဲ့တစ်ဆက်တည်း ပုဏ္ဏ၀ဒ္ဓနသူဌေးသားနဲ့ လက်ထပ်မယ့် သမီးဝိသာခါကို ဖခင်ဓနဉ္စယသူဌေးက ဆိုဆုံးမတဲ့ အချက်(၉) ချက်ထဲက နှစ်ချက်ဖြစ်တဲ့ “အန္တော အဂ္ဂိ ဗဟိ န ဂဟိတဗ္ဗော” အတွင်းမီးကို အပြင်သို့မထုတ်အပ်, “ဗဟိ အဂ္ဂိ အန္တော န ပဝေသိတဗ္ဗော” အပြင်မီးကို အတွင်းသို့မသွင်းအပ်ဆိုတဲ့အတိုင်း အတွင်းမှာဖြစ်နေတဲ့ ကိစ္စပြဿနာတွေကို အပြင်မထုတ်နဲ့၊ နောက်ဆုံးမိမိတို့ဇနီးမယားကိုတောင် အဖွဲ့ဝင်ထဲကမဟုတ်ရင် မပြောနဲ့။ အပြင်က ပြဿနာ ကိစ္စတွေ ကိုလည်း အတွင်းထဲယူမလာကြနဲ့။

သည်းခံခြင်းတရားကို မြဲမြဲကြီးလက်ကိုင်ထားကြ။ မြေကြီးနဲ့တူအောင်ကျင့်ကြ၊ မြေကြီးဟာ သူ့အပေါ်မှာ ပန်းပင်တွေပဲ စိုက်စိုက် မစင်တွေပဲစွန့်စွန့် ကောင်းကောင်းဆိုးဆိုး အရာဝတ္ထုမှန်သမျှကို လက်ခံယူနိုင်သလို၊ ကောင်းတာတွေ ဖြစ်လာတိုင်းလည်း အလွန်မမြောက်နဲ့၊ ဆိုးတာတွေဖြစ်လာရင်လည်း စိတ်မပျက်ကြနဲ့၊ မြေကြီးလိုကျင့်ကြ။

မေတ္တာတရား များများထား။ မေတ္တာဟာ ရေနဲ့တူတယ်။ ရေဟာ ကောင်းသူပဲဖြစ်ဖြစ် ဆိုးသူပဲဖြစ်ဖြစ် အားလုံးရဲ့အပေါ်မှာ အေးမြခြင်းကို အညီအမျှပေးတယ်။ အဲဒီလိုပဲ မိမိတို့ဟာလည်း ဝေးသူ နီးသူ မြင်ဖူးသူ မမြင်ဖူးသူ ကောင်းသူ ဆိုးသူ စတဲ့ လူအားလုံးတို့၏အပေါ်မှာ မေတ္တာစိတ်ကို တစ်ညီတစ်ညွတ်တည်း တစ်ပြေးတည်းထားရမယ်။ အဖွဲ့ဝင်အချင်းချင်း ဘယ်သူဒုက္ခရောက်ရောက် ကရုဏာစိတ်ထားပြီး ၀ိုင်းဝန်းစောင့်ရှောက်ကြရမယ်။

ညီညွတ်ခြင်းရဲ့ အခြေခံ Foundation ဟာ အထက်မှာ ဖော်ပြခဲ့တဲ့ ခန္တီ-သည်းခံခွင့်လွှတ်ခြင်း (Forgiveness), မေတ္တာ (Loving-kindness), ကရုဏာ (compassion or sympathy) တို့ပဲဖြစ်တယ်။ သီတဂူအဖွဲ့ဝင်များအားလုံး ထိုတရား သုံးပါး ကို လက်ကိုင်ထားကျင့်သုံးကြရမယ်။

စတင်တည်ထောင်သည့်အချိန်မှ ဒီကနေ့ထိ အနှစ်(၃၀)ကြာမြင့်ခဲ့ပြီဖြစ်တဲ့ သီတဂူအဖွဲ့ကြီးရဲ့လက်ဦး သြ၀ါဒါစရိယ ဆရာတော်ကြီးများ, ဥက္ကဋ္ဌကြီးများမရှိကြတော့ဘူး။ အရှင်မဟာကဿပမထေရ်မြတ်ကြီးဟာ သူရဲ့ အသပြာတစ်သိန်းတန် အကောင်းစားဒုကုဋ်သင်္ကန်းကို မြတ်စွာဘုရားက ကိုယ်တိုင်သူသေကောင်ပုတ်ကခွါယူပြီး ကိုယ်တိုင်ချုပ်ဆိုးထားတဲ့ ဒုကုဋ် သင်္ကန်းနဲ့ လဲလှယ်တဲ့အခါ စိတ်နှလုံးမသာမယာ မဖြစ်ဘူး။ ကိုယ်တိုင်ချုပ်ဆိုးတဲ့အတွက် မြေကြီးတုန်လှုပ်ပြီး ကောင်းချီး ပေးရလောက်အောင်ပင်မြင့်မြတ်တဲ့ ဒုကုဋ်သင်္ကန်းကြီးနဲ့ လှဲလှယ်ပေးတဲ့အတွက်လည်း ဘုရားကငါ့ကိုသာပေးတာလို့ ဂုဏ်ယူဝင့်ကြွားမှုမရှိဘူး။  

မြတ်စွာဘုရား၏ ဘယ်ညာလက်ရုံးများဖြစ်ကြတဲ့ ပရိနိဗ္ဗာန်စံတော်မူကုန်ကြပြီဖြစ်တဲ့ အရှင်သာရိပုတ္တရာ အရှင်မဟာ မောဂ္ဂလာန်တို့ရဲ့တာဝန်ဟာ မိမိပခုံးထက်ကို ရောက်ရှိလာပြီဆိုတဲ့အချက်ကို သဘောပေါက်နားလည်ပြီး မြတ်စွာဘုရား ပရိနိဗ္ဗာန်စံတော်မူတဲ့အခါ သံဃာတော် (၇)သိန်းကို ထိန်းသိမ်းစောင့်ရှောက်ခဲ့တယ်။

အရှင်မဟာကဿပထုံး နှလုံးမူပြီး “သီတဂူအဖွဲ့ကြီးသည် ကမ္ဘာက သိလောက်အောင်ပင် ကျော်ကြားလှသည်” လို့ မာန်မာနတွေဝင်မနေကြဘဲ “ငါတို့သည် ဤအလုပ်ကို ကံကောင်း၍သာ လုပ်ခွင့်ရကြသည်” လို့ သဘောပေါက်ပြီး အလေးအနက်ထား ဆောင်ရွက်ရမယ်။ ဝေသာလီပြည်ကို ၀ဿကာရအမတ်ကြီးဝင်သလို သီတဂူအဖွဲ့ကြီးထဲကိုလည်း ၀ဿကာရလို သွေးခွဲမည့်အပြင်လူမျိုး ၀င်မလာနိုင်အောင် ဂရုစိုက်ရမယ်။

“ကွယ်လွန်ပြီးကုန်သော သီတဂူအဖွဲ့လူကြီးတို့၏ တာဝန်သည် မိမိတို့ဆီသို့ ပခုံးပြောင်းရောက်ရှိလာပြီ” ဆိုတဲ့အချက်ကို ပေါ့ပေါ့တန်တန်သဘောမထားဘဲ အလေးအနက်ထားကြရမယ်။ ရှေးလူကြီးတွေထားသွားတဲ့ လုပ်ငန်းတာဝန်တွေဟာ မိမိတို့ လက်ထက်မှာ (၁) လက်ရှိအနေအထားအတိုင်း ဆက်လက်လည်ပတ်နိုင်တယ် ဆိုရင် (၇၀) ရာခိုင်နှုန်း၊ (၂) အနာဂါတ်မှာ တိုးတက်ဖို့ ကြိုတင်စီမံကိန်းတွေ ချနိုင်မယ်ဆိုရင် (၉၀)ရာခိုင်နှုန်း၊ (၃) ဒီထက်ပိုပြီး တိုးတက်အောင် လုပ်နိုင်တယ်ဆိုရင် ရာနှုန်းပြည့် အောင်မြင်တယ်လို့ဆိုနိုင်တယ်။ ရှေးလူကြီးတွေရဲ့ ဆောင်ရွက်ချက်နဲ့ တိုင်းသူပြည်သား တို့ရဲ့ နှလုံးသားကို လေးစားရမယ်။

အလှူရှင်တို့ရဲ့ စေတနာကို လေးစားရမည်, အလှူရှင်တို့ရဲ့ နှလုံးသားကို အလေးအနက်ထားရမယ်။ သီတဂူသာသနာပြု အဖွဲ့ရဲ့ ရေအလှူတော်, ဆေးအလှူတော်, တက္ကသိုလ်အလှူတော်, အပြည်ပြည်ဆိုင်ရာလုပ်ငန်းဟူသော လုပ်ငန်းကြီး လေးရပ်ကို လက်ဆင့်ကမ်းပြီး ပခုံးတစ်ခုမှ ပခုံးတစ်ခုသို့, ခေါင်းတစ်ခုမှ ခေါင်းတစ်ခုသို့  Generation to generation ပြောင်းပြီးဆောင်ရွက်ကြရမယ်။

ထိုစီမံကိန်းတို့ကို (၁)လက်ရှိအနေအထားအတိုင်း ဆက်လက်ထိန်းသိမ်းနိုင်အောင်ရယ် (၂) စီမံကိန်းတွေကို ထိန်းသိမ်း နေစဉ် အနေအထားမှာ ဒါမှမဟုတ် နောင်အနာဂါတ် စီမံကိန်းတွေ လက်ပြောင်းလက်လွှဲသွားတဲ့အခါမှာ immigration rate တွေ universal chances, causes တွေ ဒီအတိုင်းဘဲ နေနေမယ်ဆိုရင် ဒီအတိုင်း နှစ်ပေါင်းဘယ် လောက်အထိ တို့တတွေ တည်သွားနိုင်မလဲဆိုတာရယ် (၃) ဒါထက် တိုးတက်အောင်လည်း ဘယ်လိုလုပ်နိုင်ဦးမလဲဆိုတာရယ် ဒီအချက်သုံးချက်ကို အားလုံးအလေးအနက်စဉ်းစားပေးရမယ်။

စီမံကိန်းများကို ဆောင်ရွက်ရာမှာ သံသယကို မဖန်တီးကြနဲ့။ ဥပမာအားဖြင့် ငွေထုတ်ငွေသွင်းကိစ္စတွေမှာ စာရင်းဇယား ဘောင်ချာတွေကို လက်ခံသိမ်းဆည်းထားရမယ်။ ကိုယ့်လူအချင်းချင်း ယုံကြည်မှုရှိလို့ ကိစ္စမရှိသော်လည်း ဘေးလူက ၀င်ရောက်သွေးထိုးရင် သံသယ၀င်နိုင်တယ်။ ပြည်တွင်းပြည်ပ အဖွဲ့အစည်းမျိုးစုံတို့မှာ မညီညွတ်ခြင်း, နေရာလုခြင်းစတဲ့ အကြောင်းမျိုးစုံကြားနေရပေမယ့် မိမိတို့သီတဂူအဖွဲ့ကြီးဟာ ခန္တီ, မေတ္တာ, ကရုဏာတည်းဟူသော အခြေခံ Foundation ပေါ်မှာ တည်ထောင်ထားတာဖြစ်ခြင်းကြောင့် ဘာသံမှမကြားရပဲ ရှေ့ကိုချီတက်သွားနိုင်တာဖြစ်တယ်။ ဒီအတွက် ၀မ်းလည်းဝမ်းသာတယ်။ လေးလည်းလေးစားတယ်။ ကျေးဇူးလည်းတင်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ဒီအတိုင်းပဲ လက်တွဲညီညီ လျှောက်လှမ်းကြပါလို့ဆိုတာ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။

သီတဂူဆရာတော်

Welcome Sitagu Sangha Vihara (Florida, U.S.A)

Log in

Lost your password?