New Youk Sayadaw

၂၀၁၁ ခုနှစ် ဇွန်လ ၁-ရက်

အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါထေရ၀ါဒဓမ္မအသင်းတည်ထောင်ခြင်းနှင့်

သီတဂူသံဃ၀ိဟာရ ကျောင်းလွှတ်ပူဇော်ပွဲ ၌

နယူးယောက်ဆရာတော်

မိန့်ကြားတော်မူသော သြ၀ါဒကထာအနှစ်ချုပ်

 

          သာသနာနဲ့ပတ်သက်ပြီးတော့ ကျောင်းတွေကန်တွေဆိုတာ သိပ်အရေးကြီးပါတယ်။ ကျောင်းကန်မရှိ ရင် သာသနာပြုလို့မရပါဘူး။ ကျောင်းကန်ရှိမှသာလျှင် သာသနာကို ရေရှည်တည်တံ့အောင် လုပ်နိုင်ပါတယ်။ သာသနာပြုနေတဲ့ပုဂ္ဂိုလ်တွေဟာ ဂါမ၀ါသီ ပုဂ္ဂိုလ်တွေဖြစ်တယ်။ မြို့မှာနေတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ဒီတော့ ဒကာ ဒကာမတွေနဲ့ပေါင်းသင်းဆက်ဆံရပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ သာသနာကိုရေရှည်တည်အောင်ပြုလုပ်တဲ့ ပုဂ္ဂိုလ်တွေပါဘဲ။ ရေရှည်တည်အောင်လုပ်တဲ့ပုဂ္ဂိုလ်တွေများများရှိရင် သာသနာကြာကြာတည်ပါမယ်။

          မဂ်ဖိုလ်နိဗ္ဗာန်ရတယ်ဆိုတာက Different story, Individual ပါ။ သာသနာပြုတယ်ဆိုတာက အားလုံး ၀ိုင်းပြီးတော့ carry လုပ်သွားရတာ၊ အလွန်ခက်ခဲပါတယ်။ ဒါကို မြတ်စွာဘုရားချီးကျူးပါတယ်။ သာသနာပြုတဲ့ ပုဂ္ဂိုလ်တွေဟာ အနစ်နာ အများကြီးခံရတယ်။ Missionary spirit နဲ့သာသနာပြုရပါတယ်။ ဘုန်းကြီးတို့ ဒီအမေရိကမှာနေရတာဟာ မြန်မာပြည်မှာလို ပြည့်ပြည့်စုံစုံ အဆင်ပြေပြေ နေရတာမဟုတ်ပါဘူး။ ခုနောက်ပိုင်းမှသာ အတော်အတန်အဆင်ပြေလာကြတာ။ ဘုန်းကြီးတို့ ခေတ်တုန်းကဆိုရင် ဒကာဒကာမတွေ ဆင်းရဲသလို ဘုန်းကြီးတွေလည်း ဆင်းရဲတာပဲ။ ဒါပေမယ့် သာသနာအတွက်ဆိုတဲ့ စိတ်ဓာတ်နဲ့ အရာရာကို စိတ်ရှည် ဇွဲသန် သည်းညည်းခံပြီးတော့ လုပ်ခဲ့ရတာ။

          မိမိတို့ရဲ့ Next generation သားသမီးလေးတွေရှိတယ်၊ ဘာသာသာသနာ ယဉ်ကျေးမှုအသိတရား အဆက်ပြတ်သွားလို့မဖြစ်ဘူး။ ဒီအတွက် သံဃာတော်များမှာရော ဒကာဒကာမများမှာရော တာဝန်ကိုယ်စီ ရှိကြတယ်။ တာဝန်သိဘို့သိပ်အရေးကြီးတယ်။

          အခု ဒကာဒကာမတွေ ကျောင်းတည်ထောင်ကြတယ်၊ ဒါကို ပေါ့ပေါ့မထားကြနဲ့။ ဒို့ဟာ သာသနာပြု လုပ်ငန်းလုပ်နေကြတယ်လို့ ကိုယ့်ကိုကိုယ် ဂုဏ်ယူရမယ်။ မြတ်ဗုဒ္ဓရဲ့သာသနာကို ရေရှည်တည်အောင်လုပ်နေ တယ်လို့ဆိုပြီး ကိုယ်လုပ်နေတဲ့လုပ်ငန်းကို တန်ဘိုးသိရမယ်။

          ကလေးတွေကို ကျောင်းပျော်အောင်လုပ်ပေးရမယ်။ ရွတ်တာဖတ်တာလေးတွေ သင်ပေးရမယ်။ အခမ်း အနားတွေမှာ သူတို့ရဲ့အခန်းကဏ္ဍလေးတွေ နည်းနည်း နည်းနည်းထည့်ပေးသွားမယ်ဆိုရင် သူတို့စိတ်ဝင်စား လာကြမယ်။ ဘုရားရှိခိုးတာတွေ၊ ပါဠိ+အင်္ဂလိပ် ရွတ်ဖတ်ပူဇော်နည်းတွေ သင်းပေးကြ။

          ပြီးတော့ သူတို့ကို အမြင်အားဖြင့်လည်း သာသနာပြုပေးရတယ်။ ဒီမှာမွေးတဲ့ကလေးတွေ မြန်မာပြည် ကဘုရားစေတီမျိုးတွေ ယဉ်ကျေးမှုဓလေ့စရိုက်တွေ ဘယ်မြင်ဘူးမလဲ၊ ခုဆို သီတဂူဆရာတော် အော်စတင်မှာ ရွှေစည်းခုံ စေတီကြီးတည်နေတယ်။ ဘုန်းကြီးဆိုရင်လည်း နယူးဂျာစီမှာ ရွှေတိဂုံပုံတူစေတီတော်ကို အများကြီး အကုန်ကျခံတည်ထားတာ။ ဒါဟာ လူကြီးတွေအတွက်သာမဟုတ်ဘူး မမြင်ဘူးတဲ့ကလေးတွေ မသိသေးတဲ့ ကလေးတွေ မြင်ဘူးအောင် ဘုရားကျောင်းကန်သွားတဲ့အခါ ရရှိလာမယ့် ဘာသာရေးအသိဉာဏ်ဗဟုသုတတွေ တိုးပွားလာအောင်ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့ တည်ဆောက်ထားတာ။ ဒါကြောင့် သာသနာကို ဆက်လက်သယ် ဆောင်သွားတဲ့နေရာမှာ ဘုန်းကြီးတွေလည်း ခုလိုပြုလုပ်ဆောင်ရွက်ခြင်း၊ ဟောပြောခြင်းဖြင့်သယ်ဆောင်မယ်၊ ဒကာဒကာမတို့ကလည်း ကလေးတွေကို ကျောင်းကန်ဘုရားပို့ဆောင်ခြင်း၊ ဘာသာရေးအသိပညာများ ပေး ဝေခြင်းဖြင့် သာသနာကို သယ်သွားကြပါစို့လို့ဆိုတာပြောကြားရင် ဘုန်းကြီးရဲ့သြ၀ါဒကို နိဂုံးချုပ်ပါတယ်။

နယူးယောက်ဆရာတော်

Welcome Sitagu Sangha Vihara (Florida, U.S.A)

Log in

Lost your password?