Saturday: Feb. 18, 2012
ယနေ့ည သီတဂူသံဃဝိဟာရတွင် Sunday Dhamma School ဖွင့်ပွဲနှင့် မြန်မာ့ရိုးရာထမနဲပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
နံနက်ပိုင်းတွင် စနေနေ့ ဆွမ်းအလှူရှင် ကိုစိုးနိုင်၏အလှူ ဆွမ်းခဲဘွယ်များနှင့်တကွ ဦးစိန်ထွန်း+ဒေါ်မြမြအေး (မောင်) ဦးအောင်ခင်နှင့်ဇနီး၊ မလင်ဒါတို့က သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် ဦးကျော်ကျော်+ဒေါ်မိုးဖြူ၊ ကိုတယ်ရီဝင်း+မငြိမ်းနုဝင်း နှင့် မစန္ဒာထွေးတို့သားအမိပါ ထပ်ရောက်လာကြပြီး တက်ညီလက်ညီ ထမနဲထိုးခြင်း အကြော်ကြော်ခြင်း ကြာဇံချက်ခြင်း စသည့်ကိစ္စများကို ပျော်ပျော်ပါးပါးပြုလုပ်ကြသည်။
ထို့နောက် ဦးကျော်ကျော်၏အဒေါ်နှင့် သားသမီးများ ရောက်လာခဲ့ကြသည်။
ညပိုင်းတွင် ဦးကျော်ကျော်၏မိတ်ဆွေ နိုင်ငံခြားသားများနှင့် မြန်မာဒါယကာ ဒါယိကာမများ ကလေးငယ်များ ရောက်ရှိလာကြသည်။
အခမ်းအနားကို နမော တဿဖြင့်ဖွင့်လှစ်ပြီး Sunday Dhamma School ကို ကလေးများနှင့်အတူတကွ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ကြသည်။ ထို့နောက် သီလခံယူခြင်း၊ စုပေါင်းဝတ်ရွတ်ခြင်း၊ သီတဂူဓမ္မဝိဟာရဆရာတော်မှ အနုမောဒနာတရားဟောကြားခြင်းများပြုလုပ်ပြီး ကိုဇင်ဦး၏ မွေးနေ့ပွဲကို ဆက်လက်ကျင်းပခဲ့ကြသည်။
ထိုပွဲ၏မှတ်တမ်းဓာတ်ပုံများကို အများပြည်သူ ကြည်နူးပီတိ ဖြစ်စေရန်အလို့ငှာ တင်ပြပေးလိုက်ပါသည်။
သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိတော်မူကြပါစေ။
ဓလေ့ရိုးရာအလှ ဘာသာအလှ ယဉ်ကျေးမှုအလှ စည်းလုံးခြင်းအလှ ပျော်ရွှင်ခြင်းအလှ အမွေအနှစ်အလှတို့ကို တစုတဝေးကြီးတွေ့မြင်ရပေသည်။ သာဓု သာဓု သာဓု