Posted by candasiri on February 24, 2012

ခရီးသွားမှတ်တမ်း (၁၃)

Monday: Feb. 20-23, 2012

ဘုန်းကြီးနှစ်ပါးနှင့်ဒကာစိန်တို့ (Feb 20) ရက်နေ့ နံနက်စောစော Jacksonville သို့ ခရီးထွက်ခဲ့ကြသည်။ ဘုန်းကြီးနှစ်ပါး၏လုပ်ငန်းကိစ္စအတွက် ဒကာစိန်က ကားမောင်းလိုက်ပို့ကာ ကုသိုလ်ခဲ့သည်။

ဒကာကျော်ကလည်း  မေတ္တာနန္ဒဆရာတော်ကြွလာကတည်းက ပို့ထားသည့်မာစီဒီးကားကို ပြန်မယူဘဲပေးထားသဖြင့် သွားရေးလာရေးမှာ အလွန်ကိုအဆင်ပြေချောမွေ့လှပေသည်။

အော်လန်ဒိုမြို့အလွန်တနေရာ Rest Area တွင် ဒါယိကာမကြီးဒေါ်မြမြအေး ထည့်ပေးလိုက်သည့် ဆွမ်းခဲဘွယ်များကို ဒကာစိန်က ပြင်ဆင်ပြီး နေ့ဆွမ်းဆက်ကပ်သည်။ ဆွမ်းစားစားပွဲကတော့ ကားထဲမှာဘဲဖြစ်သည်။ အလွန်အဆင်ပြေပါသည်။ စားပြီးသား ပန်းကန်များကို မည်သူမှ ဆေးစရာမလို အလျှိုအလျှို အမှိုက်ပုံးထဲရောက်သွားကြသည်။

ကြုံလို့ (မိမိတို့နိုင်ငံမှ မသိသေးသူများအတွက်) ပြောပြချင်သေးသည်။ မြန်မာပြည်တွင် Rest Room ကို နားနေခန်း၊ Rest Area ကို အနားယူ အပန်းဖြေစရာနေရာဟု ဘာသာပြန်ဆိုကြသည်။ အမေရိကတွင်တော့ Rest Room ဆိုတာ အိမ်သာ၊ Rest Area ဆိုတာ အိမ်သာရှိတဲ့နေရာပင်ဖြစ်သည်။ အိမ်သာတွင် အပေါ့အပါး အလေးအခင်းသွားရင်း အညောင်းအညာပြေသွားနိုင်သည့်အတွက် သို့မဟုတ် ရပ်နားနိုင်သည့်အတွက် Rest Area ကို အနားယူစရာနေရာဟု ပြန်ဆိုမည်ဆိုကလည်း ပြန်ဆိုနိုင်ပါသည်။ အမှန်စင်စစ် Rest Area ဟူသည် အိမ်သာများပင်ဖြစ်သည်။

ထို Rest Area တွင် မိမိတို့ကားရပ်နားပြီး နေ့ဆွမ်းစားကြသည်။ ပြောချင်သည်မှာ အမေရိက အိမ်သာများထားသည့်နေရာက ရွှေမြန်မာတို့ရဲ့ ကားလမ်းတလျှောက်မှာရှိတဲ့ ထမင်းဆိုင်များထက် သန့်ရှင်းမှုရှိတယ်ဆိုတာကိုပါ။ (အမေကျော်ပြီး ဒွေးတော်လွမ်းခြင်းမဟုတ်ပါ၊ အမေကို ဒွေးတော်ထက် သာစေချင်၍ဖြစ်ပါသည်။) Rest Area ဟုဆိုသည့် အိမ်သာအဆောက်အဦးသည် မိမိတို့နိုင်ငံက ဘူတာကြီးတွေထက် မကြီးတောင် မသေးဟုပြောနိုင်သည်။ အမျိုးသား အမျိုးသမီး အခန်းကျယ် (၂၀) ခန့်စီကိုအပြင် မစွမ်းမသန်များအတွက် Wheelchair ဖြင့်ဝင်ထွက်နိုင်သည့် အခန်းများကိုလည်း ပြုလုပ်ပေးထားသည်။ လက်ဆေးစင်၊ ဆပ်ပြာရည်၊ တစ်ရှူး၊ ရေခြောက်ခံစက်များကို အပြည့်အစုံထားရှိသည်။ Exhaust fan များစွာတပ်ထားသဖြင့် အနံ့အသက်လုံးဝမရှိ၊ Ari-fresher များပက်ဖြန်းထားသဖြင့် မွေးကြိုင်နေသည်၊ Air-condition များတပ်ဆင်ထားသဖြင့် အထဲတွင် ပူလောင်အိုက်စပ်ခြင်းမရှိ၊ အပေါ့အပါးသွားပြီးသည်နှင့် ပေါ့ပါလန်းဆန်းပြီး စိတ်ကိုကြည်လင်အေးချမ်းသွားစေသည်။ ဒါကြောင့်ပဲ Rest Area ဟုခေါ်လေသည်လား။

ထို Rest Area တွင် ခရီးသွားလမ်းညွှန်စာအုပ်များ၊ လည်ပတ်စရာ ထူးခြားသည့်နေရာဒေသလမ်းညွှန်များ၊ စီးပွားရေးလုပ်ငန်းများအတွက် ဆက်သွယ်ရန် ကုမ္ပဏီများ၊ တည်းခိုစရာ ဟိုတယ်လမ်းညွှန်စာစောင်များ စသဖြင့် ဖတ်စရာ မှတ်စရာ လေ့လာစရာ စာအုပ်များ၊ ကြော်ငြာစာရွက်များ၊ သတင်းစာများကို အခမဲ့ယူသွားနိုင်ရန် ပြုလုပ်ပေးထားသည်။ သောက်ရေသန့်စင်များလည်းရှိသည်။ စားစရာ သောက်စရာ ရေခဲမုန့်၊ ချောကလက်၊ ကွတ်ကီ၊ သောက်ရေသန့်နှင့် အချိုရည်မျိုးစုံတို့ကိုလည်း ရောင်းသူမဲ့ အအေးစက်ထဲတွင် ပိုက်ဆံထည့်ပြီး ကြိုက်ရာဝယ်ယူ စားသောက်နိုင်သည်။

ကြမ်းပြင်တွင် ညစ်ညစ်ပတ်ပတ်မြင်စရာ ရေတစက်မှမရှိသလို အပြင်တွင်လည်း မြက်ခင်းစိမ်းစိမ်းနှင့် ပန်းလှပင်များအပြည့်စိုက်ထားသဖြင့် ထစရာဖုန်တစက်မှမရှိပေ။ ခရီးပန်းလာသူများအား တကယ့်ကို အပန်းတော်ပြေစေသည့် Rest Area ပင်ဖြစ်သည်။  မိုင် (၅၀) ခန့်အကွာတိုင်းမှာ ပြုလုပ်ပေးထားသည့် ထို Rest Area များကို ပြည်သူများထံမှ ကောက်ယူထားသည့် အခွန်ငွေများဖြင့် ပြည်သူများအတွက် ပြုလုပ်ပေးထားခြင်းဖြစ်သည်။ မြန်မာပြည်မှာကဲသို့ အိမ်သာကို ပိုက်ဆံပေးပြီးတက်စရာမလို၊ သို့မဟုတ် အိမ်သာလေး အသုံးပြုရဘို့ အတွက် ဆိုင်မှာတခုခု မဖြစ်မနေဝယ်စားရတာမျိုးမလိုပေ။ ဘီးခွန်တွေ မြို့ဝင်ကြေးတွေ အသွားအပြန်ကောက်ပြီး လမ်းတလျှောက်လုံး ပေါက်ပြဲနေတာမျိုး ဒီမှာမရှိ၊ လမ်းပေါ်မှာပြေးနေသည့်ကား လေထဲမှာပျံသွားသည့်လေယာဉ်ထက် ငြိမ်သက်မှုရှိပါသည်ဟုဆိုလျှင် လွန်သည်ဟု ထင်ပေလိမ့်မည်။ (သိစေချင်လို့ပါ)

အော်လန်ဒိုမှ အထက်ကို တက်တက်သွားသည်နှင့် အအေးဓာတ်က ပိုပိုကဲလာသည်။ လေကလည်း တဟူးဟူးတိုက်နေသေးသည်။ နေ့လည် (၂) နာရီခန့်တွင် Jacksonville သို့ရောက်ရှိခဲ့သည်။ ရောက်ရောက်ချင်း လုပ်စရာရှိသည်များကို ပြုလုပ်ကြပြီး Best Western ဟိုတယ်တွင် ညအိပ်တည်းခိုကြသည်။ နောက်တရက် မနက်စာစားရန် အောက်ဆင်းလာရာ ဓာတ်လှေကားအထွက်တွင် ဟိုတယ်သန့်ရှင်းရေး မိန်းကလေးများက အုပ်စုလိုက်ပြုံးပြီးနှုတ်ဆက်ကြသည်။

“ဘုန်းဘုန်းတို့ မင်္ဂလာပါရှင့်”

“ဟေ – - မင်းတို့က မြန်မာတွေလား”

“ဟုတ်ပါတယ်ဘုရား တပည့်တော်တို့ ဒီဟိုတယ်မှာ အလုပ်လုပ်ပါတယ်”

စကားသံ ဝဲတာကိုထောက်သောအားဖြင့် တိုင်းရင်းသူများဖြစ်ကြောင်းသိသာပါသည်။ ချင်းနှင့် ကချင်နှင့် ကရင်မလေးများဖြစ်သည်။

ထိုအထဲမှ မသီတာဆိုသူက

“တပည့်တော်မက ဗုဒ္ဓဘာသာပါဘုရား။ ဒီဟိုတယ်မှာတော့ ဗုဒ္ဓဘာသာဝင်ဟာ တပည့်တော်မတယောက်တည်းပါ။ ဒါပေမယ့် တပည့်တော်မအိမ်နားမှာ အတော်များများရှိပါတယ်၊ ဘုန်းဘုန်းတို့ကို ညနေကျ အိမ်ကိုပင့်ချင်ပါတယ်ဘုရား”

မသီတာက ဆက်ပြီး ၎င်းတို့ဘက်မှာ မြန်မာဘုန်းကြီးကျောင်းမရှိသဖြင့် ကမ္ဗောဒီယားကျောင်းကိုသာ သွားကြရကြောင်း၊ ဘုန်းကြီးကျောင်းထူထောင်ရန် စီစဉ်နေပါကြောင်း၊ ထိုအတွက် လမ်းညွှန်မှုများ ပေးမည်ဆိုပါက ခံယူလိုပါကြောင်းများ လျှောက်ထားပြီး အိမ်ကိုပင်လိုသဖြင့် လာခဲ့ရန် ဝန်ခံလိုက်သည်။

ထိုနေ့နေ့ဆွမ်းကို ကိုမြတ်မိုး၏ဒကာမ မမြင့်လွင်က ၎င်း၏ဆူရှီဆိုင်တွင် နေ့ဆွမ်းဆက်ကပ်သည်။ ကုရင်တိုင်းရင်းသူ မမြင့်လွင်၏မျက်နှာမှာ လွန်စွာရိုးသားပြီး ရဟန်းသံဃာကိုအလွန်ကြည်ညိုတတ်သည့် လက္ခဏာပေါ်နေသည်။ ၎င်းတို့ဝန်းကျင်တွင် ဗုဒ္ဓဘာသာအဖွဲ့ကို ထိပ်တန်းမှ ဦးဆောင်ပါဝင် သာသနာပြုနေသည့်သူဖြစ်သည်ဟုသိရသည်။

ညနေ (၅) နာရီခန့်တွင် မသီတာ၏အမျိုးသားက မိမိတို့ကို ဟိုတယ်တွင်လာရောက်ပင့်ဆောင်သည်။ အိမ်တွင် နီးစပ်ရာရာ ဗုဒ္ဓဘာသာဝင် တိုင်းရင်းသား တိုင်းရင်းသူ လူငယ်လေးများ ရောက်ရှိနေကြသည်။ ၎င်းတို့သည် ကျောင်းမရှိသဖြင့် ဘုန်းကြီးရဟန်းသံဃာကို မဖူးတွေ့ရကြောင်း၊ တပိုင်တနိုင် မြန်မာဘုန်းကြီးကျောင်းတည်ထောင်ပြီး သံဃာတော်များပင့်ထားလိုပါကြောင်း၊ တရားစကားများလည်း နာယူမှတ်သားလိုပါကြောင်းများ လျှောက်ထားကြသည်။

သို့နှင့် ၎င်းတို့အား မိမိက ငါးပါးသီလချီးမြင့်ခဲ့ပြီး အရှင်တိက္ခဥာဏက ရတနာသုံးပါး၏ဂုဏ်ကျေးဇူးနှင့် ဗုဒ္ဓဘာသာဝင်တို့ လိုက်နာရမည့်တရားများကို မိနစ်သုံးဆယ်ခန့် ရှင်းရှင်းလင်းလင်း ဟောကြားပေးခဲ့သည်။

တရားပွဲအပြီးတွင် ၎င်းတို့လှူဒါန်းကြသော အလှူတော်ငွေများထဲတွင် မိမိကလည်းအလှူတော်ငွေထည့်ဝင်ပေါင်းစပ်ကာ ကျောင်းတည်ရာတွင်ထည့်ဝင်အသုံးပြုရန် ၎င်းတို့အဖွဲ့အား ပြန်လည်လှူဒါန်းခဲ့သည်။ ထို့နောက် သီတဂူဆရာတော် မိန်ကြားတော်မူသည့်အတိုင်း မြန်မာ့မိုးကုတ်ပတ္တမြားသည် မည်သည့်နိုင်ငံရောက်ရောက် အရောင်အသွေးမပြောင်း၊ တန်ဘိုးမကျသကဲသို့ မိမိတို့ရွှေမြန်မာများလည်း ဘယ်နိုင်ငံရောက်ရောက် ကိုယ့်ယဉ်ကျေးမှု အမွေအနှစ် အရောင်အသွေးများ မှေးမှိန်ပျောက်ကွယ်မသွားစေဘို့၊ ရှိရင်းစွဲတန်ဘိုးများ လျော့ကျမသွားစေဘို့၊ သာသနာပြုရာတွင် မြစ်ပေါင်းစုံမှ ရေများ သမုဒ္ဒရာထဲပေါင်းဆုံသွားသည့်အခါ ငံသောအရသာနှင့် ပြာသောအဆင်းသာ ရှိသကဲ့သို့ မိမိတို့တတွေလည်း တိုင်းရင်းသား ပေါင်းစုံ လူမျိုးပေါင်းစုံ နေရာပေါင်းစုံမှလာကြပေမယ့် သာသနာတော်ထဲရောက်သွားသည့်အခါ ဘုရားသားတော်သမီးတော် ဆိုတဲ့အရောင်အဆင်းတခုတည်းမှာဖြစ်လာကြပြီး နိဗ္ဗာန်ဆိုတဲ့ နောက်ဆုံးပန်းတိုင် အရသာတစ်ခုတည်းကို တူညီစွာရကြမှာဖြစ်ကြောင်းများဖြင့် သြဝါဒစကား ပြောကြားခဲ့သည်။

ထိုသို့ စိတ်ဓာတ်ထက်သန်နေသော လူငယ်လေးများအတွက် တလုံးကျန်းကျန် နှစ်လုံးကျန်ကျန် ဖြန့်ဝေခွင့်ရရှိလိုက်ခြင်းသည်ပင် ကျေနပ်စရာဖြစ်နေပေတော့သည်။ တနည်းအားဖြင့် သံဃာတော်များကို ဖူးတွေ့ခွင့်ရသဖြင့် သမဏာနဉ္စ ဒဿန မင်္ဂလာဖြစ်သွားသလို မိမိတို့ဘက်မှလည်း အနည်းဆုံး အသွင်သာသနာတော့ ပြုလိုက်ရပေသည်ဟုရည်မှတ်ကာ ကျေနပ်ပီတိဖြစ်ကြရပေသည်။

တရားပွဲအပြီး မသီတာ၏အမျိုးသားနှင့် မောင်နေလင်းတို့က Jacksonville မြို့အလှညရှုခင်းကို လိုက်ပြကြသည်။ ထို့နောက် ဟိုတယ်ပြန်ကြသည်။

နောက်တရက်တွင် အကြောင်းအမျိုးမျိုးကြောင့် လာရင်းကိစ္စကို အပြီးမသတ်နိုင်ခဲ့ဘဲ ပြန်ခဲ့ကြသည်။ သို့သော်လည်း လူငယ်လေးများကို အားပေးကူညီခွင့်ရခြင်း၊ ဒေသန္တရဗဟုသုတအဖြစ် ရောက်ရှိလည်ပတ် လေ့လာခွင့်ရခဲ့ခြင်းတို့အတွက် ကျေနပ်ပီတိဖြစ်ကြရပါသည်။

ဒကာစိန်၏ ကားမောင်းကျွမ်းကျင်မှုကြောင့် သံဃဝိဟာရသို့ ဘေးရန်ကင်းရှင်းစွာဖြင့် ညနေပိုင်းအစောကြီး ပြန်ရောက်ကြသည်။

Thursday: Feb. 23, 2012

နံနက်ပိုင်းတွင် ပက်ထရစ်စိုးစိုး၏ မိတ်ဆွေများဖြစ်သော ဂျမေကာမှ ဒေါက်တာစိုးဝင်း၊ ဒေါက်တာ သီတာမင်းဒင်၊ ဒေါက်တာစည်သူဝင်း၊ ဒေါက်တာ ဒေါ်လီချောင်၊ ဦးဘသာ နှင့် ဒေါက်တာ အေးအေးနိုင်တို့ရောက်ရှိလာကြပြီး ကျောင်းအတွက် နဝကမ္မအလှူတော်ငွေများ လှူဒါန်းသွားကြသည်။

နေ့ဆွမ်းကို ဒကာကြီးဦးစိန်ထွန်း+ဒေါ်မြမြအေး မိသားစုနှင့်  မလင်ဒါသဇင်သိန်းတို့က လာရောက်ဆက်ကပ်လှူဒါန်းကြသည်။

နေ့လည်ပိုင်းတွင် ဒကာစိန်နှင့် ဆေးခန်းသွားခြင်း၊ စာတိုက်ကြီးတွင် ဆရာတော်ဦးဇောတပို့လိုက်သောစာအုပ်ပါဆယ်ကိစ္စ သွားရောက်စုံစမ်းခြင်း၊ ဆိုရှယ်ရုံးသို့သွားခြင်းများပြုလုပ်ကြသည်။

သီတဂူစန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။

Most Commented Posts

Post a Comment


Leave a Reply

(*required)

Welcome Sitagu Sangha Vihara (Florida, U.S.A)

Log in

Lost your password?